တရားမဝင်တူးဖော်မှုများကြောင့် မြန်မာနိုင်ငံတွင် ဒုတိယမြောက်ပျောက်ကွယ်သွားနိုင်သော မြစ်

၁၉၉၀ ခုနှစ်ခန့်က ဧရာဝတီတိုင်းထဲက ဝါးဘလောက်သောက်မြစ် တိမ်ကောပျောက်ကွယ်မှုကို လူတွေသိပ်သတိမထားမိခဲ့ပါဘူး။ ဒီလိုမြစ်တစ်စင်း တိမ်ကောပျောက်ကွယ်သွားအပြီး နှစ်ပေါင်း ၃၀ ကျော်အကြာမှာ နောက်ထပ်မြစ်တစ်စင်း တိမ်ကောပျောက်ကွယ်သွားတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒီမြစ်ကတော့ ဥရုမြစ်ဖြစ်ပါတယ်။ ဥရုမြစ်ဟာ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်ဖြစ်ပါတယ်။ အရှည် ၂၁၅ ကီလိုမီတာခန့်ရှည်လျားပြီး ကချင်ပြည်နယ် ဟူးကောင်းလွင်ပြင်မှာ မြစ်ဖျားခံပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့အနီးမှာ ချင်းတွင်းမြစ်ထဲ စီးဝင်ပါတယ်။

ဥရုမြစ်ဟာ မြန်မာနိုင်ငံရဲ့ သယံဇာတကျိန်စာအသင့်ဆုံးမြစ်တစ်စင်းလို့ဆိုရင် မမှားပါဘူး။ ဘာကြောင့်လဲဆိုရင် စတင်မြစ်ဖျားခံရာ ဖားကန့်မြို့နယ်အတွင်းမှာပဲ ကျောက်စိမ်းတူးဖော်တဲ့စွန့်ပစ်မြေစာတွေ မြစ်အတွင်း စွန့်ပစ်ခံခဲ့ရပြီး မြစ်အလယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းမှာတော့ မြစ်ကမ်းဘေးတစ်လျှောက် ရွှေတူးဖော်တဲ့ စွန့်ပစ်မြေစာတွေ စွန့်ပစ်ခံခဲ့ရပါတယ်။ ဆယ်စုနှစ် ၂ ခုကျော်ကျော် ဒီလိုစွန့်ပစ်မှုတွေကြောင့် ဥရုမြစ်ဟာ မြစ်ဖျားကနေ အဆုံးအထိ ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ တစ်နှစ်ပတ်လုံး နောက်ကျိနေတဲ့ နီကျင်ကျင်ရွှံ့ရေအရောင်နဲ့ ဥရုမြစ်ရေဟာ ဟိုးတချိန်က ကြည်စိမ်းနေခဲ့ဖူးတယ်ဆိုတာ အခုတော့ ကျိန်တွယ်ပြီးပြောရမယ့် အခြေအနေဖြစ်သွားပါပြီ။ မြစ်ရေတွေဟာ နောက်ကျိနေရုံတင်မကဘဲ စွန့်ပစ်မြေစာတွေကြောင့် မြစ်ကြောင်းလည်း တဖြည်းဖြည်းတိမ်ကောလာပါတယ်။ ဆောင်းနဲ့နွေဆိုရင် သယ်ယူပို့ဆောင်ရေးအတွက် ရေကြောင်းခရီးကို အသုံးပြုလို့မရတော့ဘဲ စက်လှေအသေးတွေသာ သွားလာနိုင်ပါတော့တယ်။ တချို့နေရာမှာဆိုရင် မြစ်ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို လမ်းလျှောက်ပြီး ဖြတ်ကူးလို့ရတဲ့အထိ တိမ်ကောလာတာပါ။

ဒီလိုတိမ်ကောပျက်စီးလာတဲ့ ဥရုမြစ်ကို NLD အစိုးရလက်ထက်မှာ သီးသန့်ထိန်းသိမ်းပြုပြင်တာမျိုး မရှိခဲ့ပေမယ့် ကျောက်စိမ်းတူးဖော်တဲ့ စွန့်ပစ်မြေစာတွေ အမြောက်အများစွန့်ပစ်ရာ ဖားကန့်မြို့နယ်အတွင်းက မြစ်ဖျားပိုင်းမှာ နှစ်စဉ်မြစ်ကြောင်းရှင်းလင်းတာ လုပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ကျပ် ၂၆၆၅ သန်း၊ ၂၀၁၇-၁၈ ပွင့်လင်းရာသီတွင် ကျပ် ၇၄၀၀ သန်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာ CSR ရန်ပုံငွေ ကျပ်သိန်း ၂၀၀၀ နဲ့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ခန့်မှန်းကုန်ကျငွေကျပ် ၂၁၈၀ သိန်း အကုန်အကျခံပြီး ပြုလုပ်ခဲ့ပါတယ်။ ဒီလို နှစ်စဉ်မြစ်ကြောင်းရှင်းလင်းရေးတွေဟာ ဥရုမြစ်ကို နဂိုအခြေအနေပြန်မရောက်စေခဲ့ပေမယ့် မြစ်ကြောင်းတိမ်ကောမှုနဲ့ မိုးရာသီမှာ

ရေကြီးရေလျှံဖြစ်စေမှုကို သက်သာလျော့ပါးစေခဲ့ပါတယ်။ ဒါ့အပြင် မြစ်လယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းမှာ မြစ်ကမ်းနံဘေးရွှေတူးဖော်မှုကိုလည်း အတန်အသင့်ထိန်းချုပ်နိုင်ခဲ့ပြီး မြစ်ကြောင်းထဲရွှေတူးဖော်မှုတွေ မရှိခဲ့ပါဘူး။ ဒီလိုထိန်းသိမ်းမှုတွေကြောင့် ဥရုမြစ်ကြောင်းပျက်စီးမှု လျော့ကျခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားတဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီနိုင်ငံရေးစနစ်၊ ပြည်သူတွေရဲ့လူမှုစီးပွားရေးတွေနဲ့အတူ ဥရုမြစ်ဟာလည်း ပျက်စီးလာပါတော့တယ်။ NLD အစိုးရလက်ထက် Covid ကာလမှာရပ်ဆိုင်းထားခိုင်းတဲ့ ကျောက်တူးဖော်မှုတွေဟာ စစ်အာဏာသိမ်းပြီးသိပ်မကြာခင်မှာပဲ စက်ယန္တရားအလုံးအရင်းနဲ့ ပြန်လည်တူးဖော်လာကြပါတယ်။ NLD အစိုးရလက်ထက်က ဖားကန့်မှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်တွေအားလုံးကို သက်တမ်းတိုးရပ်ဆိုင်းခဲ့တဲ့အတွက် လုပ်ကွက်တွေအားလုံးဟာ ၂၀၂၁ မတ်လကတည်းက သက်တမ်းကုန်ဆုံးပြီးဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်တာ၊ အုပ်ချုပ်ရေးနဲ့ တရားဥပဒေစိုးမိုးမှုပျက်ပြားသွားတာကို အခွင့်ကောင်းယူပြီး ကုမ္မဏီတွေဟာ သက်တမ်းကုန်လုပ်ကွက်တွေမှာ စက်ယန္တရားအလုံးအရင်းနဲ့ စည်းကမ်းမဲ့စွာ နေ့ရောညပါ တူးဖော်လာကြပါတယ်။ ဒီလိုတူးဖော်မှုတွေကြောင့် ဥရုမြစ်အတွင်း စွန့်ပစ်မြေစာတွေဟာ ပိုမိုများပြားလာခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဉ်ပြုလုပ်နေကြဖြစ်တဲ့ ဖားကန့်မြို့နယ်အတွင်းက ဥရုမြစ်ကြောင်းရှင်းလင်းရေးကို ၂၀၂၁ ခုနှစ်မှာ မလုပ်နိုင်ခဲ့ပါဘူး။ ဒီလိုအခြေအနေမှာပဲ ဥရုမြစ်လယ်ပိုင်းနဲ့ မြစ်အောက်ပိုင်းဒေသတွေ ( ဟုမ္မလင်းမြို့နယ် ) မှာ မြစ်ကမ်းနံဘေးရွှေတူးဖော်မှုတွေသာမက မြစ်အတွင်းရွှေတူးဖော်မှုတွေကို အာဏာသိမ်းကာလအတွင်း အများအပြားပြုလုပ်လာကြပါတယ်။ ဥရုမြစ်အတွင်း စွန့်ပစ်မြေစာတွေ အလွန်အမင်းစုပုံလာမှုကြောင့် မြစ်ကြမ်းပြင်မြင့်တက်မှုလည်း မြန်ဆန်လာပါတယ်။ မြစ်ကြမ်းပြင်မြင့်တက်မှု မြန်ဆန်လာခြင်းဟာ မိုးရာသီမှာ ရေကြီးရေလျှံမှုကို ပိုမိုဆိုးရွားစွာဖြစ်ပေါ်စေပြီး မြစ်တိမ်ကောပျောက်ကွယ်မှုကိုလည်း မြန်ဆန်စေပါတယ်။ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေတူးဖော်မှုတွေမှာဆိုရင် စွန့်ပစ်မြေစာပုံတွေဟာ ဥရုမြစ်ထဲ တောင်ကုန်းတောင်တန်းတွေလို မြင့်မြင့်မားမားစုပုံနေတဲ့အထိ ဖြစ်နေတာကို မြင်တွေ့ရပါတယ်။ အာဏာသိမ်းကာလအတွင်း ကျောက်စိမ်းတူးဖော်မှုနဲ့ ရွှေတူးဖော်မှုတွေက စွ့န်ပစ်မြေစာတွေနဲ့ မြစ်အတွင်းရွှေတူးဖော်မှုတွေဟာ ယခင်ဆယ်စုနှစ်တစ်ခုစာအတွင်း စွန့်ပစ်မှု၊ တူးဖော်မှုတွေထက် အဆများစွာ များပြားနေတဲ့အတွက် အာဏာသိမ်းကာလအတွင်းမှာပဲ ဥရုမြစ်ကြောင်း ပျက်စီးတိမ်ကောမှုဟာလည်း ပိုမိုမြန်ဆန်လာနေပါတယ်။ ဥရုမြစ်အတွင်းရွှေတူးဖော်မှုတွေ၊ မြေစာစွန့်ပစ်မှုတွေကို ဒီလိုသာဆက်ပြီး ပြုလုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ဒုတိယမြောက် ပျောက်ကွယ်သွားတဲ့မြစ်ဟာ ဥရုမြစ်ဖြစ်သွားပါလိမ့်မယ်။