Commodity Trading – 3

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် အခြားငွေစာရင်းကွာဟမှုမြန်မာနိုင်ငံသည် ၂၀၁၃-၂၀၁၄ ခု ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံ EITI အစီရင်ခံစာကိုထုတ်ပြန်ခဲ့ချိန်မှစတင်ပြီး အခြားငွေစာရင်းခေါင်းစဉ် ( Other Account) ဆိုသည်ကို မီဒီယာများ နှင့် ပြည်သူများအကြား အထူးစိတ်ဝင် စားလာခဲ့ကြပါသည်။ ထို့အတူ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် လွှတ်တော်မှာလည်း ပတ်သက်ပြီး မေးခွန်းများနှင့် မေးမြန်းဆွေးနွေးခဲ့ကြသည်ဟု ကြားသိခဲ့ရမည်ဖြစ်ပါသည်။ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၏ ၂၀၁၉ခုနှစ် အောက်တိုဘာ (၈) ရက်စွဲပါ စာအမှတ်၊ စဘ/ ဘဏ္ဍာ- ၄/၁/၉ (၃၉၀၉/ ၂၀၁၉) အရ လက်ရှိအခြေအနေတွင် UFA (OA) လက်ကျန်စာရင်းများကို ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ပြီး စာရင်းများပိတ်သိမ်းခဲ့ပြီး ဖြစ်နေပါသည်။သို့‌သော်လည်း မြန်မာနိုင်ငံ EITI မှ ပထမအကြိမ်ထုတ်ပြန်ခဲ့သော ကုန်စည်၊ ကုန်သွယ်ခြင်းလုပ်ငန်းစဉ် အစီရင်ခံစာ (Commodity Trading Report) သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့သော အစီရင်ခံစာဖြစ် နေပါ သည်။ ထိုအစီရင်ခံစာထဲတွင် ပါဝင်နေသော အခြားငွေစာရင်းခေါင်းစဉ်(Other Account) သည် ရှုပ်ထွေးနေသောအခြေအနေတစ်ရပ် (သို့မဟုတ်) နားလည်ရန်မလွယ်ကူသောအခြေအနေ တစ်ရပ်အသွင် ဆောင်နေပါသည်။မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အခြားငွေစာရင်းခေါင်းစဉ် (Other Account) ထဲသို့အသေးစိတ်စာရင်းများဖော်ပြပြီး ထည့်ဝင်ထားသော စုစုပေါင်း ငွေပမာဏမှာ- မြန်မာကျပ်‌ငွေ ၂,၃၇၆,၇၅၀,၂၇၈,၃၈၁ ( နှစ်ထရီလီယံကျော်) ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အမေရိကန် ဒေါ်လာ ၁,၇၆၀,၅၅၅,၇၆၂ (တစ်ထရီလီယံကျော်) ဖြစ်သဖြင့် OA ကိုပေးသွင်းခဲ့သောငွေမှာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံကျော် ရှိနေသည်ကို တွေ့မြင်နေရပါသည်။ သို့ပါသော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ် မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ၏ အခွန်ဘဏ္ဍာ ဝင်ငွေမှာ- မြန်မာကျပ်ငွေ ၁,၁၈၅,၁၀၇,၈၇၆,၀၈၀ (တစ်ထရီလီယံကျော်) ဖြစ်ပါသည်။ အမေရိကန်ဒေါ်လာ သန်းကျော် ရှိနေခဲ့ပါသည်။ အမှန်တကယ်ဝင်သောငွေများနှင့် များစွာကွဲလွဲနေသည်ကို အောက်ဖော်ပြပါဇယားအရ တွေ့မြင်နိုင်ပါသည်။ကွဲပြားခြားနားသော ငွေပမာဏ မှာ – မြန်မာကျပ်ငွေ ၇၃၉,၀၉၈,၃၇၉,၈၈၀ (၇၃၉ ဘီလီယံ) ရှိနေပါသည်။ အမေရိကန်ဒေါ်လာဖြင့် ဆိုလျှင် ၅၄၇ သန်းကျော် ရှိနေခဲ့ပါသည်။မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရှင်းလင်းဖြေကြားထားချက်များမှာ – OA လို့သတ်မှတ်ထားတဲ့ ဝင်ငွေဟာ ငွေသားဘတ်ဂျက် (cash budget) အပေါ်အခြေတည်ထားတယ်။ ဘဏ္ဍာနှစ် (financial year) အတွင်းမှာပဲ လက်ခံရရှိပြီးတော့ ကောက်ခံ ရရှိထားတဲ့ နိုင်ငံတော်အခွန် (revenue collected) ထက်များပါတယ်။ ဒါကလည်း ဘဏ္ဍာနှစ်ကုန်ချိန်မှာ ရှိတဲ့ အရင် နှစ်က ကြွေးကျန် (outstanding debt) နှင့် ကြိုတင်စရန်ငွေ (advance deposit payment) တွေရယ် ပါဝင် နေတာကြောင့်ပါလို့ ဖြေကြားထားပေမယ့် ရေ ရာတိကျသောအဖြေပေးမထားပါဘူး။ အမှန်တကယ်ဖြစ် သင့်သည်ကတော့ ကြွေးကျန်ကို ဘယ်သူတွေက ဘယ်လောက်ပေးတာလဲ ဆိုတာတိတိပပဖြေကြားသင့် သလို ကြိုတင်စရံငွေသည်လည်း မည်သည့်ကုမ္ပဏီမှပေးချေထားသည် ဆိုတာကိုလည်းတစ်ပါတည်း ဖော်ပြသင့်ပါသည်။ ကွာဟသော ငွေ အမေရိကန်ဒေါ်လာ (၅၄၇) သန်းဖြစ်နေပါသဖြင့် မြန်မာ့ရေနံ နှင့် သာဘာဝဓာတ်ငွေ့လုပ်ငန်း မှ နှစ်စဉ် မည်သူများက‌ကြွေးကျန်ထားရှိခြင်းနှင့် ကြိုတင်စရံငွေသည်လည်း မည်သည့်လုပ်ထုံး ၊ လုပ်နည်းများ နှင့်ဆောင်ရွက်သည်ဆိုတာကိုလည်း ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ကြေငြာ သင့်ပါသည်။ မြန်မာနိုင်ငံမှဆောင်ရွက်နေသော သယံဇာတ ပွင့်လင်းမြင်သာမှုလုပ်ငန်းစဉ် (EITI) ကိုဖော်ဆောင်နေခြင်းသည် ပွင့်လင်းမြင်သာမှု နှင့် တာဝန်ယူ ၊ တာဝန်ခံမှုမြင့်မားလာစေရန် ရည်ရွယ် ခြင်းဖြစ်နေပေမယ့် ရည်ရွယ်ရင်းရောက်နေရဲ့လားဆိုတာ မေးခွန်းထုတ်ရမလို ဖြစ်နေပါသည်။ စာရင်းဇယား ကွာဟချက်များကို အများပြည်သူသို့ ထုတ်ဖော်မပြသခြင်းသည်လည်း ပြည်သူနှင့် အစိုးရအကြား ယုံကြည်မှုကို လျော့ကျစေပါသည်။ ဇယား (၁) အခြားငွေစာရင်းအသေးစိတ် နှင့် ကွဲပြားခြားနားမှုSource by: Commodity Trading (MEITI)

Commodity Trading – 2

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၂ သန်း ကျော် နစ်နာဆုံးရှုံးနိုင်ခြေရှိနေသော မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့လုပ်ငန်းထုတ်လုပ်မှုအပေါ်ခွဲဝေခံစားမှုစာချုပ် (Product Sharing Contract- PSC ) ၊ ထွက်ရှိမှုအလိုက် ခွဲဝေသည့်စာချုပ် (Performance Compensation Contract) နှင့် ရေနံတိုးတက်ထုတ်ယူရရှိရေးစာချုပ် (Improved Petroleum Recovery Contract- IPR ) တို့ရှိသည့်အနက် IPR တွင် ပြည်တွင်းလိုအပ်ချက်အရ ကန်ထရိုက်တာ ရေနံအမြတ်ခွဲဝေမှု၏ (၁၀) ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ (၁၅) ရာခိုင်နှုန်းကို နိုင်ငံတကာ စျေးကွက်ပေါက်စျေး၏ ၇၅ ရာခိုင်နှုန်းဖြင့် ရောင်းချမည်ဟု ပါရှိနေပြီး (PSC) တွင် ကန်ထရိုက်တာ၏ ဝေစုမှ ရေနံစိမ်း (၂၀) ရခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့ (၂၅) ရာခိုင်နှုန်းကို နိုင်ငံတကာစျေးကွက် ပေါက်စျေး၏ (၉၀) ရာခိုင်နှုန်းဖြင့် ရောင်းချရမည်ဟု ပါရှိပါသည်။သို့ပါသော်လည်း မြန်မာနိုင်ငံ EITI မှ ထုတ်ဝေသော ကုန်စည်၊ ကုန်သွယ်မှုလုပ်ငန်းစဉ် အစီရင်ခံစာတွင် စာချုပ်တွင် ပါဝင်သောအကြောင်းအရာများနှင့် ကွဲလွဲဆောင်ရွက်ထားသည်ကို တွေ့ရှိနေရပါသည်။ သဘာဝဓာတ်ငွေ့တွင် လက်ရှိပေါက်စျေးထက် MMSCF တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၂၈၂၀.၈) ပိုမိုပေးချေဝယ်ယူထားကြောင်း တွေ့ရှိနေရပါသည်။ စာချုပ်အရ ပြည်တွင်းစျေးကွက်အတွက် ဝယ်ယူရမည့် စျေးနှုန်းမှာ သဘာဝဓာတ်ငွေ့ MMSCFတစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၂၇၈၈.၇၀) နှင့် ရေနံစိမ်း bbl တစ်ယူနစ်လျှင် အမေရိကန်ဒေါ်လာ (၄၁.၅၀) ဖြစ်သင့်သည်ဟု စာရင်းတိုက်ဆိုင်စစ်ဆေးသော BDO အဖွဲ့မှ ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

ဇယား(၁)၊ သဘာ၀ဓာတ်ငွေ့ကို စျေးကွက်ပေါက်စျေး နှင့် ကျသင့်သည့်စျေးနှုန်းကို တွက်ချက်ပြထားခြင်း

အထက်ဖော်ပြပါအပြာရောင်ဇယားတွင်ပါရှိသော တွက်ချက်မှုများမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် ရေနံထုတ်လုပ်သောကုမ္ပဏီများအကြား ချုပ်ဆိုထားသောစာချုပ်အမျိုးအစားများအရ နိုင်ငံတကာ ပေါက်စျေးနှင့် ပြည်တွင်းသုံးဝယ်ယူသောစျေးနှုန်းများကို နိုင်ငံတကာစာရင်းတိုင်ဆိုင်စစ်ဆေးသော BDO မှ နှိုင်းယှဉ်တွက်ချက်ပေးထားပြီး စျေးနှုန်း ကွာခြားချက်ကိုပါ ထည့်သွင်းတွက်ချက်ထားသည်ကို တွေ့ရှိရပါသည်။
နောက်တွင် ပါရှိသော အနီရောင်ဇယားကွက် (၂)ကွက်သည် မိမိတို့ CAfT အဖွဲ့ မှ စာချုပ်အရ ဖြစ်သင့်သောစျေးနှုန်းနှင့် အမှန်တကယ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ စာချုပ်အရ ဝယ်ယူခဲ့သော သဘာဝဓာတ်ငွေ့ ယူနစ် (MMSCF) နှင့် တွက်ချက်ပြထားခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့ဝယ်ယူသည့်အပေါ်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ဆုံးရှုံးနိုင်မှုမှာ အမေရိကန်ဒေါ်လာ ( ၂,၇၇၀,၆၃၄.၁၀) ဖြစ်နိုင်သည်ဟု တွက်ချက်ထားရှိထားပါသည်။

ဇယား (၂)၊ ရေနံကို စျေးကွက်ပေါက်စျေးနှင့် ကျသင့်သည့်စျေးနှုန်းကို တွက်ချက်ပြထားခြင်း

အထက်ဖော်ပြပါအပြာရောင်ဇယားတွင်ပါရှိသော တွက်ချက်မှုများမှာ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း နှင့် ရေနံထုတ်လုပ်သောကုမ္ပဏီများအကြား ချုပ်ဆိုထားသော စာချုပ်အမျိုးအစားများအရ နိုင်ငံတကာ ပေါက်စျေးနှင့် ပြည်တွင်းသုံးဝယ်ယူသောစျေးနှုန်းများကို နိုင်ငံတကာစာရင်းတိုင်ဆိုင်စစ်ဆေးသော BDO မှ နှိုင်းယှဉ်တွက်ချက်ပေးထားပြီး စျေးနှုန်း ကွာခြားချက်ကိုပါ ထည့်သွင်းတွက်ချက်ထားသည်ကို တွေ့ရှိရပါသည်။
နောက်တွင်ပါရှိသော အနီရောင်ဇယားကွက် (၂)ကွက်သည် မိမိတို့ CAfT အဖွဲ့ မှ စာချုပ်အရ ဖြစ်သင့်သောစျေးနှုန်း နှင့် အမှန်တကယ် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ စာချုပ်အရ ဝယ်ယူခဲ့သော ရေနံစိမ်း ယူနစ်(bbl) နှင့်တွက်ချက်ထားခြင်းဖြစ်ပြီး ရေနံစိမ်းဝယ်ယူသည့်အပေါ်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ဆုံးရှုံးနိုင်မှုမှာ အမေရိကန်ဒေါ်လာ ( 59,573.39) ဖြစ်နိုင်သည်ဟု တွက်ချက်ထားရှိထားပါသည်။

ဇယား(၃)၊ ပြည်တွင်းစျေးကွက်အတွင်း ဝယ်ယူ၊ ရောင်းချခြင်းနှင့် ပတ်သက်သောဆုံးရှုံးငွေများ

ပြည်တွင်းတွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ကန်ထရိုက်တာထံမှ ရေနံ ဝယ်ယူသော စျေးနှုန်းမှာ မြင့်မားနေပြီး ပြည်တွင်းတွင် ပြန်လည်ရောင်းချသော စျေးနှုန်းမှာ လျော့နည်းနေသည်ကို တွေ့ရှိရပါသဖြင့် မြန်မာနိုင်ငံ EITI ၏ ကုန်စည်၊ ကုန်သွယ်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းစဉ် အစီရင်ခံစာ (Commodity Trading Report) တွင် ပါရှိသော ဇယား (၁၆) နှင့် ဇယား(၁၇) ကို အခြေခံပြီး မိမိတို့ CAfT အဖွဲ့မှ တွက်ချက်ထားသော ဇယား(၃) အရ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၂၂,၅၉၃,၁၇၉.၇၄) ဆုံးရှုံးနိုင်ခြေရှိနေသည်ကို ထိုတွက်ချက်မှုအရ တွေ့ရှိရပါသည်။

MEC အပါအဝင် ကုမ္ပဏီ ၃၂ မပါဝင်သည့် Reporting Template ဖြည့်သွင်းထားသော အစိုးရအဖွဲ့အစည်းများ နှင့် ကုမ္ပဏီများ၏အခြေအနေ

မြန်မာနိုင်ငံ EITI လုပ်ငန်းစဉ်မှ ပထမအကြိမ် ထုတ်ပြန်သော ကုန်စည်၊ ကုန်သွယ်မှုလုပ်ငန်းစဉ် အစီရင်ခံစာ (Commodity Trading Report) တွင် ကုမ္ပဏီ (၁၁၅) ခု ပါဝင်ရမည် ဖြစ်သော်လည်း ကုမ္ပဏီ (၈၃) ခုသာ ပူးပေါင်းပါဝင်ထားတာကို တွေ့မြင်ရမည်ဖြစ်ပြီး MEC အပါအဝင် ကုမ္ပဏီ (၃၂)ခုကမူ ပါဝင်မလာသည်ကို တွေ့ရပါသည်။

Reporting Template ကို ဖြည့်သွင်းခြင်းမရှိသော အစိုးရအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ

ပါဝင်မှုမရှိသော ကုမ္ပဏီများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်နေသည်ကို မေးခွန်းထုတ်ဖွယ်ဖြစ်နေပါသည်။

Commodity Trading – 1

မြန်မာနိုင်ငံ EITI ၏ ကုန်စည်ကုန်သွယ်ခြင်းလုပ်ငန်းစဥ်အစီရင်စာ (Commodity Trading) အပေါ် သုံးသပ်ခြင်းမြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်မှစတင်ပြီး တွင်းထွက်သယံဇာတ ပွင့်လင်းမြင်သာမှုလုပ်ငန်းစဥ် (EITI) တွင် ပါဝင်ဆောင်ရွက်လာခဲ့ပါသည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင် (၂) ရက်နေ့တွင် International EITI ၏ အဖွဲ့ဝင်နိုင်ငံလောင်းဖြစ်လာခဲ့ပါသည်။ ထိုအချိန်မှစတင်ပြီး ရွေးကောက်ခံ အစိုးရသက်တမ်း (၂) ဆက်အတွင်းတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်း ကဏ္ဍ၊ အခြားသတ္တု ကဏ္ဍ နှင့် ပုလဲမွေးမြူရေးကဏ္ဍတို့ပါဝင်သော အစီရင်ခံစာ (၅) စောင် ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာ EITI စံနှုန်းများသည် (၃) နှစ်တစ်ကြိမ် စံနှုန်းအပြောင်းအလဲများသည် ပိုမိုများပြားလာသလို တိကျသေချာသော ပွင့်လင်းမြင်သာမှုများကို ဖိတ်ခေါ်လာခဲ့ကြပါသည်။ အသစ်ထွက်ပေါ်လာသော စံနှုန်း (4.2a),(4.2b),(4.2c)အရ မြန်မာနိုင်ငံသည် ကုန်စည် ကုန်သွယ်ခြင်းလုပ်ငန်းစဥ်(Commodity Trading) ကို စတင်အစီရင်ခံရန် ဖြစ်ပေါ်လာခဲ့ပါသည်။ကုန်စည်ကုန်သွယ်ခြင်းလုပ်ငန်းစဥ်တွင်လည်း ပထမဆုံးစတင်ခြင်းအနေဖြင့် ရေနံ နှင့် သဘာဝဓာတ်ငွေ့ ကို ဆောင်ရွက်ရန် မြန်မာနိုင်ငံ EITI ကို ဦးဆောင်အကောင်အထည်ဖော်နေသော သုံးပွင်ဆိုင်ညွန့်ပေါင်းအဖွဲ့မှ ဆုံးဖြတ်ခဲ့ကြပါသည်။ မြန်မာနိုင်ငံသည် သယံဇာတကဏ္ဍ ပြုပြင်ပြောင်းလဲရန် အရေးတကြီး လိုအပ်နေသောကြောင့် ထိုအစီရင်ခံစာများမှ တွေ့ ရှိချက်၊ အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖော်ရန် အရေးကြီးလှပါသည်။ မြန်မာနိုင်ငံ EITI မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာနောက်ဆုံးပတ်တွင် ထုတ်ပြန်သော ကုန်စည်၊ ကုန်သွယ်မှု လုပ်ငန်းစဉ် အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးတွင် အလွန်အရေးပါပါသည်။ ထိုသို့အရေးကြီးသောအစီရင်ခံစာတွင် ထပ်မံလိုအပ်ချက်များ၊ အဓိကအရေးကြီးသော ချန်လှပ်ချက်များကို မီးမောင်းထိုးပြရန် ရည်ရွယ်ပါသည်။ယခုလိုကိုဗစ်ကာလတွင် ကုန်စည် ကုန်သွယ်ခြင်းလုပ်ငန်းစဉ်သည် ပိုမိုအရေးပါသောအခန်းကဏ္ဍ တွင် ရှိနေပါသည်။ ကိုဗစ်ကာလတွင် ကမ္ဘာတွင် ရေနံဈေးများ အနှုတ်ပြသွားချိန်ဖြစ်ခဲ့ပါသည်။ ထိုကာလမျိုးကို မြန်မာနိုင်ငံသည် မည်သို့ မည်ပုံဖြတ်ကျော်ခဲ့သည်ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းသလို စာချုပ်ထဲမှာ ထိုအခြေအနေမျိုးများကို မည်ကဲ့သို ပြုပြင်ညှိနှိုင်းဆောင်ရွက်မည်လဲဆိုသည့် သဘောထားမျိုး ထည့်ထား/ မထားဆိုသည်မှာလည်း စိတ်ဝင်စားစရာကောင်းနေပါသည်။ကုန်စည်ကုန်သွယ်ခြင်း (Commodity Trading) ဆိုသည်မှာ – ကုန်စည်ရောင်းဝယ်မှုအများစုသည် ကုန်ကြမ်းဆိုင်ရာ ကုန်သွယ်ခြင်း နှင့် ကုန်ချော ကုန်သွယ်ခြင်းတို့တွင် အဓိကကျသည်။ မြန်မာနိုင်ငံအတွက် ပထမဆုံး ထွက်ပေါ်လာသည့် ကုန်စည်၊ ကုန်သွယ်မှုလုပ်ငန်းစဉ် (Commodity Trading Report) ထွက်ပေါ်လာခြင်းကို ကြိုဆိုပါသည်။ ထိုအစီရင်ခံစာထဲမှာ ရှေ့ဆက်ပြီးဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကိုလည်း တွေ့နေရပါသည်။မြန်မာနိုင်ငံ သယံဇာတပွင့်လင်းမြင်သာမှုအတွက် အလွန်အရေးကြီးသည့် ထိုကန့်သတ်ချက်များက အစီရင်ခံစာကို အားပျော့စေသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။ ထိုကန့်သတ်ချက်များကို မည်သို့ကျော်လွှားကြမည်လဲ ဆိုသည်ကလည်း စိတ်ဝင်စားစရာကောင်းလှပါသည်။ ပြည်တွင်းအရောင်းတွင် မည်သူများကို ရောင်းခဲ့သလဲ ဆိုသည်ကလည်း စိတ်ဝင်စားစရာတစ်ခုဖြစ်ပါသည်၊ တင်ဒါနှင့် ရောင်းခြင်းလား။ နှစ်စဉ်အရောင်းများကို မည်သူများက သက်တမ်းတိုးပြီးသလဲ။ပြည်တွင်းအရောင်းကို အဓိက ကိုင်တွယ်သည်မှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)၊ မြန်မာ့ရေနံဓာတုလုပ်ငန်း (MPE)၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) ဆိုသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းက တာဝန်ယူထားသည်ဟု သိရှိရပါသည်။ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း (MPPE) ကို ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဟု အသိပေးကြေညာခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ ပြည်တွင်းတွင် သဘာဝဓာတ်ငွေ့ ဝယ်ယူသုံးစွဲနေမှုများ -(၁) လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (EPGE)(၂) မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC)(၃) မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)(၄) စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန (MOPFI)(၅) International Glass ကုမ္ပဏီလီမိတက် (International Glass Co,Ltd)(၆) အခြား ကုမ္ပဏီ များတို့၏ ဝယ်ယူမှုများကို ပြသထားသည်ကိုတွေ့ရပါသည်။

Source: Commodity Trading Report_MEITI

သတင်းလွှာ အတွဲ ၁၊ အမှတ် ၁

Citizen Action For Transparency (ပွင့်လင်းမြင်သာလူထုလှုပ်ရှားမှုအဖွဲ့-CAfT) သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှ စတင်ကာ လစဉ် သတင်းလွှာများကို ထုတ်ဝေသွားမည်ဖြစ်ပါသည်။ ယခုသတင်းလွှာတွင် တွင်းထွက်သယံဇာတဆိုင်ရာသတင်းများ၊ လာမည့် ၅နှစ်အတွင်း လုပ်ဆောင်မည့် ရေနံနှင့် သဘာ၀ဓာတ်ငွေ့ထုတ်ယူမှုအခြေအနေသုံးသပ်ချက်နှင့် CAfT အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများကို ရေးသားဖော်ပြထားပါသည်။

အစိုးရယန္တရားအတွင်း အဂတိမှုများရှိနေခြင်းသည် မြန်မာနိုင်ငံအတွက် ပြဿနာကြီးအဖြစ် လူအများက ယူဆဟု GCB Asia သုတေသနစစ်တမ်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ကမ္ဘာလုံးဆိုင်ရာအကျင့်ပျက်ခြစားမှုတိုင်းတာခြင်း([Global Corruption Barometer – Asia](https://www.transparency.org/en/gcb/asia/asia-2020)) က မြန်မာအပါအဝင်အာရှနိုင်ငံပေါင်း ၁၇ နိုင်ငံမှ လူ ၂၀,၀၀၀ ခန့်ကို မေးခွန်းမေးမြန်း စစ်တမ်းကောက်ယူထားချက်အရ မြန်မာနိုင်ငံတွင် အစိုးရယန္တရားအတွင်း အဂတိမှုများရှိနေခြင်းသည် ပြဿနာကြီးအဖြစ် လူအများက ယူဆနေကြောင်း GCB Asia သုတေသနစစ်တမ်းအရ သိရှိရသည်။အဆိုပါသုတေသနကို အာရှ ၁၇ နိုင်ငံတွင် ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်တို့အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင်မူ ၂၀၂၀ ပြည့်နှစ် ဇွန် ၁၈ ရက်နေ့မှ ဇူလိုင် ၁၈ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် အစိုးရအဖွဲ့အစည်း (နိုင်ငံရေးသမားများ၊ အစိုးရဝန်ထမ်း)များနှင့် ပတ်သက်၍ ၎င်းတို့အပေါ်ယုံကြည်အားကိုးမှုနှင့် ဆိုင်သော မေးခွန်းကို ဖြေဆိုကြသူများအနက် လုံး၀မယုံကြည်သူ ၄ ရာခိုင်နှုန်း၊ လုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့သည်ဟု ဖြေဆိုသူ ၃၁ ရာခိုင်နှုန်းရှိကြောင်း GCB Asia သုတေသနစစ်တမ်းတွင် ရေးသားထားသည်။တရားရုံးများအပေါ် ယုံကြည်မှုနှင့်ဆိုင်သော မေးခွန်းများကို ဖြေဆိုကြသူများအနက် လုံး၀မယုံကြည်သူ ၈ ရာခိုင်နှုန်းရှိနေပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့သည်ဟု ဖြေဆိုသူ ၂၂ ရာခိုင်နှုန်းရှိနေသည်။ရဲများနှင့် ပတ်သက်၍မူ ဖြေဆိုကြသူများအနက် လုံး၀မယုံကြည်သူ ၁၀ ရာခိုင်နှုန်းရှိနေပြီး လုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့သည်ဟု ဖြေဆိုသူ ၂၃ ရာခိုင်နှုန်းရှိနေသည်။အာရှတစ်ခွင်တွင် အစိုးရများ၏ အကျင့်ပျက်ခြစားများကြောင့် ကြီးမားလှသောပြဿနာများ ဖြစ်နေကြောင်း GCB Asia သုတေသနစစ်တမ်းအရ သိရှိရသည်။အာရှ ၁၇ နိုင်ငံတွင် လူ ၃ ဦးတွင် တစ်ဦးမှာ လွှတ်တော်အမတ်များအားလုံး (သို့မဟုတ်) အားလုံးနီးပါး အကျင့်ပျက်ခြစားနေသည်ဟု ထင်မြင်နေကြကြောင်း၊ အကျင့်ပျက်ခြစားမှုသည် သာမန်လူများအပေါ်တွင် သက်ရောက်မှုကြီးစွာ ရှိနေကြောင်း သုတေသနစစ်တမ်းတွင် ရေးသားထားသည်။လွန်ခဲ့သည့် ၁၂ လအတွင်း ခန့်မှန်းခြေအားဖြင့် အာရှသား ၅ ဦးအနက် တစ်ဦးတွင် ဆရာဝန်ပြရန်၊ ရေရရှိရန် (သို့မဟုတ်) ကျောင်းတွင် အဆင့်ကောင်းကောင်းရရန်တို့အတွက် လာဘ်ပေးခဲ့ရကြောင်း အဆိုပါစစ်တမ်းတွင် ဖော်ပြထားသည်။ယင်းအပြင် လွန်ခဲ့သည့် ၅ နှစ်အတွင်း လူ ၇ ဦးအနက် တစ်ဦးတွင် ‌ရွေးကောက်ပွဲ၌ မဲရရှိရန်အတွက် လာဘ်ပေးခဲ့ရကြောင်း တွေ့ရှိခဲ့ရသည်။သို့သော်လည်း စစ်တမ်းဖြေဆိုသူများအနက် ၆၂ ရာခိုင်နှုန်းသော လူများသည် အရပ်သားများက အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်နိုင်မည်ဟု ယုံကြည်နေကြသည်။ သင်ကရော ဒီထဲကတစ်ယောက်ဖြစ်နေနိုင်လား။[Global Corruption Barometer – Asia](https://www.transparency.org/en/gcb/asia/asia-2020) ကိုTransparency International က ပြုစုထားခြင်းဖြစ်ပြီး အထက်ပါအချက်အလက်များကို ဆန်းစစ်ရန်အတွက် ၁၉၄၉ခုနှစ်မှ စပြီး တီထွင်ခဲ့သော Leslie Kish ၏ Kish grid နည်းလမ်းဖြစ်သော မေးခွန်းမေးမြန်းကာ သုတေသနစစ်တမ်းကို လုပ်ဆောင်ထားခြင်းဖြစ်သည်။အဆိုပါနည်းလမ်းမှာ မေးခွန်းများကို ဖြေဆိုရန်အတွက် အိမ်ထောင်စုများထဲမှ ဖြေဆိုမည့်သူများကို ကျပန်းရွေးချယ်စနစ်ဖြင့် ကောက်ယူထားခြင်းဖြစ်သည်။မြန်မာနိုင်ငံအပါအဝင် အာရှ ၁၇ နိုင်ငံတွင် အကျင့်ပျက်ခြစားမှုများအပါအဝင် ကိစ္စရပ်ပေါင်း ၁၁ ခုအပေါ် မေးမြန်းခဲ့မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက[https://www.transparency.org/…/how-does-corruption…](https://www.transparency.org/…/how-does-corruption…) တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

NLD, USDP, SNLDမှ ရှမ်းအမတ်များအတွက် ငါးနှစ်စာ သုံးသပ်ချက်

ရှမ်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် အနိုင်ရခဲ့သော လွှတ်တော်ကိုယ်စားလှယ်များအနက် ပါတီကြီးသုံးခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)တို့သည် လွှတ်တော်သုံးရပ်တွင် နေရာအများစုကို ရရှိထားသည်။ ၂၀၁၅ ရွေးကောက်ပွဲပြီးနောက်ဖြစ်လာသော ရှမ်းပြည်နယ်လွှတ်တော်တွင် USDP ပါတီက နေရာအများစုကို အနိုင်ရရှိခဲ့သဖြင့် စိုးမိုးထားနိုင်ခဲ့သည်။ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌသည် USDP ပါတီမှဖြစ်သည်။ NLD ပါတီက ပြည်နယ်အစိုးရကို ဦးဆောင်ခဲ့သည်။ သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၏ မဲဆန္ဒနယ်များအနက် နေရာအများစုတွင် USDP ပါတီကသာ အနိုင်ရရှိခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၌ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် အနိုင်ရခဲ့သော ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနက် USDP က ၄၉ ဦးနှင့် အများဆုံး၊ ဒုတိယမှာ SNLD က ၄၄ ဦး၊ တတိယမှာ NLD က ၃၉ ဦး ဖြစ်သည်။ ယင်းပါတီသုံးခုနှင့် အခြားပါတီများအပါအဝင် လွှတ်တော်သုံးရပ်တွင် ရှမ်းပြည်နယ်မှ အနိုင်ရခဲ့သော ကိုယ်စားလှယ်စုစုပေါင်း ၁၆၈ ဦးရှိသည်။ အမျိုးသားလွှတ်တော်တွင် NLD, USDPနှင့် SNLD တို့က အများဆုံးအနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော်တွင် USDPနှင့် SNLDက အများဆုံးနေရာရခဲ့သည်။ ထိုပါတီ ၃ခုမှ လွှတ်တော်အမတ်များသည် ငါးနှစ်အတွင်း အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်များတွင် ပြည်သူများအတွက် အဆိုတင်သွင်းခြင်းနှင့် မေးခွန်းမေးမြန်းခြင်းတို့ လုပ်ဆောင်ခြင်း ရှိ မရှိ CAfT က အောက်ပါအတိုင်း စိစစ်သုံးသပ်ထားသည်။ပါတီ ၅ ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးလုံးသည် ငါးနှစ်အတွင်း ဥပဒေကြမ်း စတင်တင်သွင်းခဲ့ခြင်းမျိုး မရှိခဲ့ပေ။ SNLDမှ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၃) လွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းသည် မူးယစ်ဆေးဝါးပြဿနာနှင့် ပတ်သက်သည့် အဆိုတစ်ခု တင်သွင်းအတည်ပြုနိုင်ခဲ့သည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ကြယ်ပွင့်ပြ မေးခွန်းပေါင်း ၁၀၁ ခုနှင့် ကြယ်ပွင့်မပြမေးခွန်းပေါင်း ၁၁၉ ခု မေးမြန်းခဲ့ကြသည်။ကြယ်ပွင့်ပြမေးခွန်းများတွင် USDPက အများဆုံးမေးမြန်းခဲ့သည်။ ကြယ်ပွင့်မပြ မေးခွန်းများတွင် NLDက အများဆုံးဖြစ်ပြီး SNLDက မေးမြန်းထားခြင်းမရှိပေ။ အမျိုးသားလွှတ်တော် ၁၂ ဦး မေးမြန်းခဲ့သည့် ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြ မေးခွန်း စုစုပေါင်း ၂၂၀တွင် အများဆုံး မေးမြန်းကြသည်မှာ လမ်း၊ တံတား၊ အိုးအိမ်ကိစ္စရပ်များဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် တစ်ခု၊ မြေယာအရေးအတွက် ၁၃ခု၊ လျှပ်စစ်၊ စွမ်းအင်ကိစ္စရပ်အတွက် ၁၅ ခု၊ သယံဇာတဆိုင်ရာ ၄ခု၊ အလုပ်သမားအရေးအတွက် ၂ခု ရှိသည်ကို တွေ့ရသည်။ပြည်သူ့လွှတ်တော်တွင် ပါတီ ၇ ပါတီမှ ရှမ်းအမတ်၅၀ ဦးရှိပြီး ဥပဒေကြမ်း တင်သွင်းနိုင်ခြင်းမရှိပေ။အဆိုတင်သွင်းမှုအများဆုံးမှာ ကြံ့ခိုင်ရေးပါတီဖြစ်သည်။ အဆိုများတွင် သဘာ၀ပတ်ဝန်းကျင်ရေးရာ အတွက် ၃ ခု၊ အလုပ်သမားအရေးအတွက် ၁ ခုသာ ပါဝင်သည်။အမတ်၅၀ ဦးသည် ကြယ်ပွင့်ပြမေးခွန်းပေါင်း ၃၃၀ ကို မေးမြန်းခဲ့ပြီး USDP က မေးခွန်းအများဆုံး မေးခဲ့သည်။ မေးခွန်း ၃၃၀ ထဲတွင် စစ်ဘေးရှောင်ဒုက္ခသည်အရေး ၂ ခု၊ လျှပ်စစ်နှင့် စွမ်းအင်အရေး ၂၈ ခု၊ သဘာ၀ပတ်ဝန်းကျင်အရေး ၆ ခု၊ သယံဇာတအရေး ၆ ခုသာ ပါဝင်သည်။ရှမ်းပြည်နယ်လွှတ်တော်တွင်မူ ပါတီ၁၂ပါတီနှင့် တစ်သီးပုဂ္ဂလပြိုင်ရာမှ အနိုင်ရရှိခဲ့သော အမတ် ၁၀၆ ဦးရှိပြီး ကြံ့ခိုင်ရေးက ၃၂ ဦးဖြင့် နေရာအများဆုံး ရရှိထားသည်။ လွှတ်တော်တွင် ဥပဒေ ၂၉ ခုကို အတည်ပြုပြဌာန်းနိုင်ခဲ့သည်။ အဆိုတွင်မူ ၆၇ ဦး တင်သွင်းခဲ့သည့်အနက် SNLD က အဆိုအများဆုံး တင်သွင်းနိုင်ခဲ့သည့်ပါတီ ဖြစ်သည်။ အဆို ၆၀ ကျော်တွင် ငြိမ်းချမ်းရေး ၄ခု၊ လျှပ်စစ်၊ စွမ်းအင်ဆိုင်ရာ တစ်ခု၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ တစ်ခု၊ သယံဇာတဆိုင်ရာ ၂ခု အဆိုတင်သွင်းခဲ့သည်ကို တွေ့ရသည်။ ကြယ်ပွင့်ပြမေးခွန်းတွင်မူ စုစုပေါင်း ၁၀၉၇ ခု မေးမြန်းခဲ့ပြီး NLD က အများဆုံးမေးမြန်းခဲ့သည်။ လွှတ်တော်တွင် ပါဝင်ဆွေးနွေးမှုပေါင်း ၂၃၁ကြိမ်ရှိပြီး ပါတီအလိုက်တွင် NLD က အများဆုံးပါဝင်ဆွေးနွေးခဲ့သည်။

SNLD သည် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၆ ဦး နေရာရရှိထားသည်။ ရှမ်းပြည်နယ်လွှတ်တော်တွင် ၅ ဦးက တာဝန်ယူထားသည်။

NLD သည် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၁ ဦးနှင့် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦး၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ၂ ဦးတို့ နေရာရရှိထားသည်။ ရှမ်းပြည်နယ်လွှတ်တော်တာဝန်အတွက် ၆ ဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးအဖြစ် ၇ ဦး တာဝန်ယူထားသည်။

USDP သည် ၂၀၁၅ ရွေးကောက်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦး၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၃၀ ဦး နေရာယူထားသည်။ လွှတ်တော်တာဝန်တွင် နေရာ ၆ နေရာအတွက် ၅ ဦး၊ ရှမ်းပြည်နယ်ဝန်ကြီးအဖြစ် ၄ ဦး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု တာဝန်များတွင် ၂ ဦးက တာဝန်ယူထားသည်။

YRTA’s YBS Operation

ရန်ကုန်တိုင်းအတွင်း နေ့စဉ် ခရီးသွားသူ ဦးရေ ၂ သန်းခန့်သည် အများပြည်သူပိုင်ယာဉ်လိုင်းများကို စီးနင်းနေကြရပြီး YBS ဘတ်စ်ကားများ ရှိနေလျက်နှင့် စွမ်းအားပြည့် မပြေးဆွဲခြင်းကြောင့် ပြည်သူများမှာ နေ့စဉ် ကားများပေါ် ပြည့်ကျပ်စွာစီးနင်းနေကြပါသည်။ ကားသစ်များဝယ်ယူပြေးဆွဲပေးနေသည်ဟု ဆိုထားသော YBS ဘတ်စ်ကားစနစ်တွင် ကားစီးရေ စွမ်းအားပြည့် မပြေးဆွဲခြင်းမှာ ဘာ့ကြောင့်ပါလဲ။ (Citizen Action for Transparency (CAfT) ၏ ၂၀၁၉ ဧပြီလမှ စက်တင်ဘာလအထိ ဘဏ္ဍာရေးပိုင်းဆိုင်ရာ လုပ်ဆောင်မှုများကို သုံးသပ်ထားသော “လေ့လာ စောင့်ကြည့် ဆန်းစစ်သင့်ပြီဖြစ်သော YRTA၏ စီမံခန့်ခွဲမှုများ” အစီရင်ခံစာမှ အချက်အချို့ကို ပုံဖော်ထားခြင်းဖြစ်ပါသည်)